Chapter 1

Facebook Page တစ်ခုတည်းနဲ့ဆိုရင် သင့်ဆိုင်ဟာ သူများမြေပေါ်မှာ ဆောက်ထားတာပါ။

( Why a website )

မြန်မာနိုင်ငံက လုပ်ငန်းအများစုဟာ Facebook Page ကနေ စတင်ကြပါတယ်။ အစပိုင်းမှာ အဆင်ပြေပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပြဿနာသုံးခုက ပေါ်လာတတ်ပါတယ်။

  1. 1

    ဘယ်သူ မြင်ရမလဲဆိုတာ သင် မဆုံးဖြတ်နိုင်ပါ

    Page ကို Like လုပ်ထားသူ တစ်ထောင်ရှိရင်တောင် Post တစ်ခုကို ရာဂဏန်းလောက်ပဲ မြင်ရတတ်ပါတယ်။ ကျန်တာက ကြော်ငြာဖိုးပါ။

  2. 2

    Customer တိုင်း Message ပို့ပြီး စောင့်ရပါတယ်

    ည ၁၁ နာရီမှာ ဝယ်ချင်နေတဲ့ လူတစ်ယောက်ဟာ မနက်ဖြန် သင်ပြန်ဖြေတဲ့အထိ စောင့်နေမှာ မဟုတ်ပါဘူး။

  3. 3

    တစ်ညတည်းနဲ့ ပျောက်သွားနိုင်ပါတယ်

    Page ကို ပိတ်ခံရရင်၊ Hack ခံရရင်၊ ဒါမှမဟုတ် Facebook က စည်းမျဉ်း ပြောင်းလိုက်ရင် နှစ်ချီ စုဆောင်းထားခဲ့တာ အားလုံး ပျောက်နိုင်ပါတယ်။

Website ကတော့ ဒီသုံးခုလုံးကို ပြောင်းပြန် လှန်ပေးပါတယ်။ လိပ်စာက သင့်နာမည်နဲ့ပါ။ စျေးနှုန်းက ၂၄ နာရီ ဖော်ပြနေပါတယ်။ ပြီးတော့ ဘယ်သူမှ ပိတ်လို့ မရပါဘူး။

Chapter 2

Website ဟာ သင့် Marketing အားလုံး ဆုံစည်းတဲ့ နေရာပါ။

( Marketing connection )

ဒါက အများစု လွဲမှားနားလည်ကြတဲ့ အချက်ပါ။ Website ဟာ ကြည့်ဖို့သက်သက် မဟုတ်ပါဘူး။ သူ့ရဲ့ အရေးအကြီးဆုံး အလုပ်က — ဘယ်သူ ဝင်ကြည့်သွားလဲဆိုတာ မှတ်တမ်းတင်ပြီး Facebook နဲ့ TikTok ကို ပြန်ပြောပြပေးတာပါ။

ဒါကို လုပ်ပေးတာက "Pixel" လို့ခေါ်တဲ့ Code အပိုင်းအစ လေးတစ်ခုပါ။ ဓာတ်ပုံရိုက်တာ မဟုတ်ပါဘူး။ နာမည်၊ ဖုန်းနံပါတ် သိမ်းတာလည်း မဟုတ်ပါဘူး။ သူလုပ်တာက ရိုးရှင်းပါတယ် — "ဒီလူဟာ သင့်ဆိုင်ရဲ့ ဒီစာမျက်နှာကို ကြည့်သွားတယ်" လို့ Facebook ကို အသိပေးလိုက်တာပါ။

တစ်ယောက် ဝင်ကြည့်တိုင်း ဘာဖြစ်သွားလဲ

  1. တစ်ယောက် ဝင်ကြည့်တယ်

  2. သင့် Website + Pixel

    ဘယ်စာမျက်နှာ ကြည့်သွားလဲ မှတ်လိုက်တယ်

  3. Facebook နှင့် TikTok ကို အသိပေးတယ်

    အဲဒီလူဆီကို ကြော်ငြာ ပြန်ပြလို့ ရပါပြီ

  • Facebook Pixel

    သင့် Website ကို ဝင်ကြည့်သွားသူတွေကို Facebook က မှတ်ထားပေးပြီး၊ အဲဒီလူတွေကိုပဲ ကြော်ငြာ ပြန်ပြပေးနိုင်ပါတယ်။

  • TikTok Pixel

    အတူတူပါပဲ — TikTok ကြော်ငြာအတွက်။ လူငယ် Customer များတဲ့ လုပ်ငန်းတွေအတွက် အထူး အရေးကြီးပါတယ်။

  • Google Analytics

    လူဘယ်နှစ်ယောက် ဝင်ကြည့်လဲ၊ ဘယ်ကနေ ရောက်လာလဲ၊ ဘယ်စာမျက်နှာမှာ အကြာဆုံး နေလဲ၊ ဘယ်မှာ ထွက်သွားလဲ ဆိုတာ ပြပေးပါတယ်။

အဲဒီအချက်လေးက အရာအားလုံးကို ပြောင်းလဲစေပါတယ်။ အဲဒါမရှိရင် သင့်ကြော်ငြာဟာ လမ်းမကြီးပေါ် အော်ဟစ်နေတာနဲ့ တူပါတယ်။ ရှိလိုက်ရင်တော့ စိတ်ဝင်စားပြီးသား လူတွေဆီကို တိုက်ရိုက် စကားပြောနိုင်ပါပြီ။

ဒီအရာတွေကို Facebook Page ပေါ်မှာ တပ်လို့ မရပါဘူး။ Website ပေါ်မှာပဲ တပ်လို့ရပါတယ်။ ဒါကြောင့် Website ဟာ Marketing ရဲ့ အခြေခံပါ။

Chapter 3

Data ရှိလာတဲ့အခါ ကြော်ငြာပိုက်ဆံဟာ မှန်းဆမှု မဟုတ်တော့ဘဲ ဆုံးဖြတ်ချက် ဖြစ်လာပါတယ်။

( Data & decisions )

Website ကနေ Data စုမိလာတဲ့အခါ ယခင်က လုံးဝ မဖြစ်နိုင်ခဲ့တဲ့ အလုပ်တွေကို လုပ်လာနိုင်ပါတယ်။ အောက်ကဟာတွေက အများဆုံး အသုံးဝင်တဲ့ လေးခုပါ။

ပြန်လည် ဆက်သွယ်ခြင်း (Retargeting)

တစ်ယောက်က သင့်ဆိုင်က ပစ္စည်းတစ်ခုကို ကြည့်ပြီး မဝယ်ဘဲ ထွက်သွားတယ်။ နောက်တစ်နေ့ သူ Facebook ဖွင့်တဲ့အခါ အဲဒီပစ္စည်းရဲ့ ကြော်ငြာကို မြင်ရပါတယ်။ ဒါက စိတ်ဝင်စားပြီးသား လူဆီကို ပြန်ရောက်တာမို့ ကြော်ငြာဖိုး အသက်သာဆုံးပါ။

ဆင်တူ Customer အသစ် ရှာခြင်း

သင့်ဆီမှာ ဝယ်ပြီးသားလူ ၂၀၀ ရှိပြီဆိုပါစို့။ အဲဒီလူ ၂၀၀ နဲ့ အလေ့အထ ဆင်တူတဲ့ လူအသစ်တွေကို Facebook က ရှာပေးနိုင်ပါတယ်။ Customer အသစ် ရှာရာမှာ အထိရောက်ဆုံး နည်းလမ်းပါ။

ဘယ်ဟာ အလုပ်ဖြစ်လဲ သိခြင်း

ကြော်ငြာ သုံးမျိုး လုပ်ကြည့်ပြီး ဘယ်ဟာက အရောင်း အများဆုံး ရလဲဆိုတာ အတိအကျ မြင်ရပါတယ်။ မှန်းဆစရာ မလိုတော့ပါဘူး။ အလုပ်မဖြစ်တာကို ရပ်ပြီး ဖြစ်တာကို ငွေထပ်ထည့်ရုံပါပဲ။

ပိုက်ဆံ အလဟဿ မဖြစ်စေခြင်း

ဝယ်ပြီးသားလူတွေကို ကြော်ငြာ ထပ်မပြတော့ဘဲ ချန်ထားနိုင်ပါတယ်။ ဒါမှမဟုတ် ရန်ကုန်ကိုပဲ ပို့ချင်ရင် ရန်ကုန်ကိုပဲ ပို့နိုင်ပါတယ်။ ဘတ်ဂျက် နည်းလေ ဒီအရာက အရေးကြီးလေပါပဲ။

Chapter 4

လူတွေဟာ ခုအခါ ကိုယ်တိုင် ရှာတာထက် AI ကို မေးလာကြပါပြီ။

( Found by AI )

ယခင်က Customer တစ်ယောက်ဟာ "ရန်ကုန်မှာ ဘယ်ဆိုင်က ကောင်းလဲ" ဆိုတာ Google မှာ ရှာပြီး ရလာတဲ့ စာမျက်နှာတွေကို တစ်ခုချင်း ဖတ်ကြည့်ရပါတယ်။ ခုတော့ AI ကို တိုက်ရိုက် မေးလိုက်ရုံနဲ့ အဖြေတစ်ခုတည်း ရလိုက်ပါတယ်။

အဲဒီအဖြေထဲမှာ ဘယ်လုပ်ငန်းတွေ ပါဝင်လဲဆိုတာက AI ဖတ်နိုင်ခဲ့တဲ့ အချက်အလက်တွေပေါ် မူတည်ပါတယ်။ AI ဟာ Website တွေကို ဖတ်ပါတယ်။ သင့် Facebook Page ထဲက Post တွေ၊ Messenger ထဲမှာ သင် ရိုက်ပေးလိုက်တဲ့ စျေးနှုန်းတွေကိုတော့ ဖတ်လို့ မရပါဘူး။

ဒါကြောင့် သင့်လုပ်ငန်းအကြောင်း Website ပေါ်မှာ ရေးသားထားခြင်း မရှိဘူးဆိုရင် AI မှာ သင့်အကြောင်း ပြောစရာ ဘာမှ မရှိပါဘူး။ ပြောစရာ ရှိနေတဲ့ ပြိုင်ဘက်ရဲ့ နာမည်ကိုပဲ ထုတ်ပြောသွားမှာပါ။

စာအဖြစ် ရေးထားခြင်း

သင့်ဝန်ဆောင်မှုတွေ၊ စျေးနှုန်းတွေကို ဓာတ်ပုံထဲမှာ ထည့်ထားရင် AI ဖတ်လို့ မရပါဘူး။ စာအဖြစ် ရေးထားမှ ဖတ်နိုင်ပါတယ်။

တကယ်မေးတဲ့ မေးခွန်းတွေကို ဖြေထားခြင်း

Customer တွေ Messenger မှာ အမြဲမေးနေကျ မေးခွန်းတွေကို Website မှာ ကြိုဖြေထားပါ။ AI က အဲဒီအဖြေတွေကို ယူသုံးပါတယ်။

ဘယ်နေရာက၊ ဘယ်ဧရိယာကို ဝန်ဆောင်ပေးလဲ

တည်နေရာ၊ ဖွင့်ချိန်၊ ဝန်ဆောင်မှုပေးတဲ့ မြို့နယ်တွေ ရှင်းရှင်းလင်းလင်း ရေးထားပါ။ "အနီးအနားမှာ" ဆိုတဲ့ မေးခွန်းတွေအတွက် ဒါက အရေးကြီးဆုံးပါ။

အမြဲ မွမ်းမံထားခြင်း

နှစ်နှစ်ကြာ မပြင်ထားတဲ့ စျေးနှုန်းကို AI က ဖတ်ပြီး ပြန်ပြောပြပါလိမ့်မယ်။ မှားနေရင် သင့်အတွက် ပြဿနာ ဖြစ်စေပါတယ်။

Website ရှိရုံနဲ့ AI က သင့်ကို အမြဲ ထောက်ခံပေးပါလိမ့်မယ်လို့တော့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး — အဲလို ပြောတဲ့သူရှိရင် သတိထားပါ။ ဒါပေမယ့် မရှိရင်တော့ အခွင့်အရေး လုံးဝ မရှိပါဘူး။

ဒါဟာ Website တစ်ခုကို ရုပ်လှရုံနဲ့ မလုံလောက်တော့တဲ့ အကြောင်းရင်းပါ။ ဘာတွေ ရေးထားလဲ၊ ဘယ်လို ဖွဲ့စည်းထားလဲဆိုတာက အခုအခါ အသွင်အပြင်လောက်ပဲ အရေးကြီးလာပါတယ်။ လွယ်လွယ်ကူကူ တစ်ခုခု တင်လိုက်ရုံနဲ့ မပြီးဘဲ၊ ဘာတွေ ပါသင့်လဲ နားလည်တဲ့သူတွေရဲ့ အကြံဉာဏ်နဲ့ တည်ဆောက်မှ ရမှာပါ။

Chapter 5

Website တင်လိုက်တဲ့နေ့ဟာ ပြီးဆုံးတဲ့နေ့ မဟုတ်ပါဘူး။ စတင်တဲ့နေ့ပါ။

( After launch )

ဒါက ကျွန်တော်တို့ အရိုးသားဆုံး ပြောချင်တဲ့ အပိုင်းပါ။ Website တစ်ခု ဆောက်ပြီး လက်ဆွဲနှုတ်ဆက်ပြီး ပြီးသွားတယ်လို့ ပြောတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အဲလို မဟုတ်ပါဘူး။

ဆိုင်တစ်ဆိုင် ဖွင့်လိုက်ရုံနဲ့ အရောင်းမရသလိုပါပဲ။ ဖုန်တိုက်ရပါတယ်။ ပစ္စည်းအသစ် တင်ရပါတယ်။ ဘယ်ဟာ ရောင်းရလဲ ကြည့်ရပါတယ်။ Website လည်း အတူတူပါပဲ။

ဒါကြောင့် ကျွန်တော်တို့က Website ကို ပြီးဆုံးသွားတဲ့ ပစ္စည်းတစ်ခုအဖြစ် မမြင်ပါဘူး။ ဆက်လက် ကြီးထွားရမယ့် အရာတစ်ခုအဖြစ် မြင်ပါတယ်။

အကြောင်းအရာ အသစ် ဖြည့်ခြင်း

စျေးနှုန်း ပြောင်းရင် ပြောင်းရပါမယ်။ ပစ္စည်းအသစ် ရောက်ရင် တင်ရပါမယ်။ တစ်နှစ်လုံး မပြောင်းတဲ့ Website ကို Customer က ဆိုင်ပိတ်သွားပြီလို့ ထင်တတ်ပါတယ်။

Google မှာ တွေ့နိုင်အောင် လုပ်ခြင်း

Google မှာ ရှေ့ဆုံးရောက်ဖို့ဆိုတာ တစ်ညတည်းနဲ့ မဖြစ်ပါဘူး။ စာမျက်နှာတွေ တဖြည်းဖြည်း ဖြည့်ရင်း၊ လူတွေ ရှာတဲ့ စကားလုံးတွေကို ထည့်ရင်း တည်ဆောက်သွားရတာပါ။

လုံခြုံရေးနှင့် ပြုပြင်ထိန်းသိမ်းမှု

Software တွေဟာ အမြဲ Update လုပ်ရပါတယ်။ မလုပ်ရင် Hack ခံရနိုင်ပါတယ်။ Domain နဲ့ Hosting ဆာဗာလည်း နှစ်စဉ် သက်တမ်းတိုးရပါတယ်။

တိုင်းတာပြီး ပိုကောင်းအောင် လုပ်ခြင်း

ဘယ်စာမျက်နှာက အရောင်းရလဲ၊ ဘယ်နေရာမှာ လူတွေ ထွက်သွားလဲ ကြည့်ပြီး တစ်ဆင့်ချင်း ပြင်သွားရပါတယ်။ ဒါက ဘယ်တော့မှ ပြီးဆုံးတဲ့ အလုပ် မဟုတ်ပါဘူး။